Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နှင့် တွံတေးမြို့တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ

       ၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နှင့် တွံတေးမြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း သိရသည်။
     ဖြစ်စဉ်မှာ  ဇွန် ၁၀ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ရပ်ကွက်၊ ဓနိချိုလမ်းထောင့်အရောက်၌ အဆိုပါကျေးရွာနေ အာကာကျော်(၃၃)နှစ် မောင်းနှင်သည့် YGN-43/2J-XXXX HONDA INSIGHT အဖြူရောင် မော်တော်ယာဉ်အားလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးကမ်းလမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြိတ်တောင်ကျေးရွာနေ နိုင်လင်းဦး(၂၀)နှစ် မောင်းနှင်လာသည့် YGN-30/5I-XXXX CANTER အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း။ 
     အလားတူ ဇွန် ၁၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တာကြီးစစ်ဆေးရေးဂိတ်၌ ဒလမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဟင်္သာကုန်းကျေးရွာနေ ချစ်ရင်ထူး(၂၃)နှစ် မောင်းနှင်လာသည့် MDY-12/9G-XXXX HONDA FIT အဖြူရောင် မော်တော်ယာဉ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အထက်တမာတကောကျေးရွာနေ ကျော်သူရအောင်(၄၃)နှစ် မောင်းနှင်လာသည့် YGN-7/3I-XXXX HONDA FIT ခဲရောင်မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အာကာကျော်၊ နိုင်လင်းဦး၊ ချစ်ရင်ထူးနှင့် ကျော်သူရအောင်တို့ လေးဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 
 
 
 
 
 
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နှင့် တွံတေးမြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။