Language: Myanmar English

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

    ၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ထီသိမ်ကျေးရွာအနီး အောင်ပန်း-အင်းတိန်သွားကားလမ်း၌ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အောင်ပန်းမြို့မှ အင်းတိန်ကျေးရွာသို့  ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာနေ ဒေါ်ဇာဇာငြိမ်း(ခ)စိုးမမကျော်(၃၁)နှစ် မောင်းနှင်ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမိုးမြင့်ရှိန်(၃၆)နှစ်နှင့် သမီးဖြစ်သူ မသွန်းဆက်နဒီ(၂)နှစ်တို့ စီးနင်းလိုက်ပါလာသည့် LUOJIA 125 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ဒေါ်ဇာဇာငြိမ်း(ခ)စိုးမမကျော်နှင့် မသွန်းဆက်နဒီတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် ဒေါ်ဇာဇာငြိမ်း(ခ)စိုးမမကျော်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ၎င်းအား အောင်ပန်းနယ်မြေရဲစခန်း ယာဉ်(ပ)၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။