ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၃ ရက်က ခရီးသည်တင်ယာဉ် တစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းမှ သစ်ပင်အား တိုက်မိရပ်တန့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၅ မိုင် ၇ ဖာလုံနှင့် ၆၆ မိုင်အကြား၌ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှ ရန်ကုန်သို့ မုံရွာမြို့နယ်၊ နတ်လူထိပ္ပန်ရပ်ကွက်နေ နေထွဏ်းကို(၃၈)နှစ် မောင်းနှင်ပြီး ခရီးသည် ၄၄ ဦး လိုက်ပါစီးနင်းလာသည့် YGN-10 4Q/XXXX YUTONG BUS ခရီးသည်တင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းရှိ ခရေပင်အား ဝင်ရောက်တိုက်မိကာ ရပ်တန့်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း မော်တော်ယာဉ်၏ ရှေ့လေကာမှန်နှင့် ရှေ့ဘန်ဘာတို့ ပျက်စီးခဲ့သောကြောင့် နေထွဏ်းကိုအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၈/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်ယာဉ် တစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းမှ သစ်ပင်အား တိုက်မိရပ်တန့်နေမှု မှတ်တမ်းဓာတ်ပုံ။