၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ပုံဝိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၄ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြားအရောက်၌ အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ငြိမ်းခန့်ဇော်(ခ)ငပေါ(၂၂)နှစ်၊ ဒေါ်သန်းသန်းဝင်း(ခ)တိုးတစ်မ (၃၈)နှစ်၊ ဒေါ်ခင်နှင်းရီ(၅၄)နှစ်၊ ဒေါ်အေးစန္ဒာ(၃၈)နှစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သရက်ပင်ကျေးရွာနေ ဒေါ်သန်းသန်းဝင်း(၃၆)နှစ်တို့ ငါးဦးအား ပုံဝိုင်းလောင်းကစား ပြုလုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၃၇,၅၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ငြိမ်းခန့်ဇော်(ခ)ငပေါတို့ ငါးဦးအား ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၁၁၈/၂၀၂၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ပုံဝိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား
တစ်ဦးနှင့် အမျိုးသမီး လေးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။