Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ လျှပ်စစ် မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် နေပြည်တော်ကောင်စီနယ်မြေ၊ ပညာသိဒ္ဓိရပ်ကွက်အရောက်၌ လူနေထိုင်ခြင်းမရှိသည့် တိုက်အမှတ်(၂၇)ပေါ်မှ အသံကြားရ၍ တက်ရောက်စစ်ဆေးခဲ့ရာ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူနေသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာနေသူများဖြစ်ကြသည့် ဇော်ဇော်အောင်(၃၉)နှစ်နှင့် ထက်လင်းကို(၂၅)နှစ်တို့ နှစ်ဦးအား လျှပ်စစ်မီးကြိုး ၁၁ ပိသာခန့်နှင့် လျှပ်စစ်မီးကြိုးဖြတ်တောက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်း (ပ)၁၉/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ 
အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။