Language: Myanmar English

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ ဇွန် ၁၄ ရက်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇွန် ၁၄ ရက်‌ ညနေ ၅ နာရီ ၅၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မြို့လှရပ်ကွက်၊ “ဂုဏ်ပွင့်နိုင်” စက်သုံးဆီဆိုင်အနီး၌ နမ္မတီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မိုးကောင်းမြို့မှ မြစ်ကြီးနားမြို့သို့ ကချင် ပြည်နယ်၊ ဗန်းမော်မြို့၊ ဟန်းဘဲကျေးရွာနေ ဝေလင်း(၃၀)နှစ် မောင်းနှင်လာသော YGN-23/4J-XXXX TOYOTA KLUGER မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဝေလင်း အား နမ္မတီး နယ်မြေရဲစခန်း (ပ)၂၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း။
     အလားတူ ဇွန် ၁၄ ရက် ညနေ ၅ နာရီ ၅၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊  မော်ဟန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ရဲစခန်းရှေ့၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မိုးညှင်းမြို့မှ နန့်စီးအောင်ကျေးရွာသို့ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဝူရာဘူကျေးရွာနေ တူးလီ(၂၂)နှစ် မောင်းနှင်လာသည့် MDY-3/7I-XXXX TOYOTA HILUX VIGO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် တူးလီ အား မိုးညှင်းမြို့မရဲစခန်း (ပ)၅၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
     ထို့အတူ ဇွန် ၁၄ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကံဦးကျေးရွာရှိ “စွမ်းထက်သူ” ဆေးဆိုင်ရှေ့၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ YGN-40/9P-XXXX TOYOTA ALPHARD မော်တော်ယာဉ်အား တွေ့ရှိရ၍ ဆေးဆိုင် ပိုင်ရှင်ဖြစ်သူ မြင့်သူ(၃၃)နှစ်အား မေးမြန်းခဲ့ရာ အဆိုပါယာဉ်သည် ၎င်းပိုင်ဆိုင်သည့်ယာဉ်ဖြစ်ပြီး မော်တော်ယာဉ်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မြင့်သူ အား ပျဉ်းမနားမြို့မရဲစခန်း(ပ)၁၂၁/၂၀၂၅၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်
တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။