၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဂိတ်အနီး၌ မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မူဆယ်မြို့နယ်၊ မန့်ဟီးရိုးမြို့နေ အိုက်ဦး(၃၈)နှစ် မောင်းနှင်လာသည့် SHN-36/7H-XXXX LANDCRUISER PRADO အဖြူရောင်မော်တော်ယာဉ်နှင့် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ ဟွမ်ပန်းဆိုက်(၃၃)နှစ် မောင်းနှင်လာသည့် ယာဉ်နံပါတ်တပ်ဆင်ထားခြင်းမရှိသည့် HAVAL H9 JEEP အဖြူရောင်မော်တော်ယာဉ် နှစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အိုက်ဦးနှင့် ဟွမ်ပန်းဆိုက်တို့ နှစ်ဦးအား မူဆယ်မြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။