၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအနီး ပြည်ထောင်စုလမ်းကြီးပေါ်၌ အမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လူးမြို့မှ မိုးညှင်းမြို့သို့ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့နေ ဒေါ်မော်ဝင်းခိုင်(၃၂)နှစ် မောင်းနှင်သည့် MDY-12/7H-XXXX HIJET မော်တော်ယာဉ်အားလည်းကောင်း။
အလားတူ ဇွန် ၁၅ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံရှေ့လမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ ဒေါ်ဂျာဆိုင်းမိုင်(၃၁)နှစ် မောင်းနှင်လာသည့် YGN-5/6P-XXXX HONDA FIT မော်တော်ယာဉ်နှင့် ခေမာသီရိရပ်ကွက်နေ ဦးဖုန်ရှိန်(၅၀)နှစ် မောင်းနှင်သည့် MDY-18/1L-XXXX HONDA FIT မော်တော်ယာဉ်တို့အား လည်းကောင်း။
ထို့အတူ ဇွန် ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ(စီ) ရပ်ကွက်၊ (၁၂) လမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တောင်တွင်းလမ်းမှ ဘူတာလမ်းသို့ မကွေးမြို့နေ ဦးနေလင်းအောင်(ခ)နေလင်း(၄၄)နှစ် မောင်းနှင်သည့် MDY-17/4P-XXXX HONDA FIT SHUTTLE မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ ဇွန် ၁၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း ချောင်းပြန့်ကျေးရွာအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်နေ စိုင်းစည်သူစိုး(၂၂)နှစ် မောင်းနှင်သည့် KYN-7/7K-XXXX NISSAN NAVARA မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ရေးမြို့၊ ရေးတံတားကြီးလုံခြုံရေးရဲကင်းရှေ့၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရေးမြို့နယ်၊ ကလော့လေးကျေးရွာနေ ဦးကျော်ဝင်းလတ်(၃၇)နှစ် မောင်းနှင်သည့် MON-5/2N-XXXX HONDA SEKURIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်များနှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒေါ်မော်ဝင်းခိုင်၊ ဒေါ်ဂျာဆိုင်းမိုင်၊ ဦးဖုန်ရှိန်၊ ဦးနေလင်းအောင်(ခ)နေလင်း၊ စိုင်းစည်သူစိုးနှင့် ဦးကျော်ဝင်းလတ်တို့ ခြောက်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။