Language: Myanmar English

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၁၆ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်းနှင့် ဂျပန်လမ်းဆုံမီးပွိုင့်၌ အမှတ်(၁၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်နေ ဇော်မိုင်နော်(၂၅)နှစ် မောင်းနှင်လာသည့် SHN-12/3I-XXXX NISSAN X-TRAIL အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်နေ ဇက်အောင်(၂၀)နှစ် မောင်းနှင်လာသည့် YGN-7/2M-XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်နှင့် တပ်ကုန်းရပ်ကွက်နေ ဆိုင်းအောင်(၃၈)နှစ် မောင်းနှင်လာသည့် MDY-5/7P-XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇော်မိုင်နော်၊ ဇက်အောင်နှင့် ဆိုင်းအောင်တို့ သုံးဦးအား ပလနနယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။