၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ ကုန်တင်မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် ယာဉ်မောင်း သေဆုံးကာ ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်-ကျောက်ဆည်သွားကားလမ်း မိုင်တိုင်အမှတ် ၂၈ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ရွာငံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရွာငံမြို့မှ ကျောက်ဆည်မြို့သို့ မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တောင်ပြုံးကျေးရွာနေ စိုးနေဝင်း(ခ)အိုကေ(၃၆)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ထက်မြတ်အောင်(ခ)အရှည်ကြီး(၂၄)နှစ် ယာဉ်နောက်လိုက်အဖြစ် လိုက် ပါလာသည့် MDY-13/ 6L-XXXX NISSAN CONDOR ခြောက်ဘီး ကုန်တင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း စိုးနေဝင်း(ခ)အိုကေတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ထက်မြတ်အောင်(ခ)အရှည်ကြီးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် စိုးနေဝင်း(ခ)အိုကေ အား ရွာငံမြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ ကုန်တင်မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း သေဆုံးကာ ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။