၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၀ ရက် နံနက် ၁ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ နေပြည်တော်သို့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ အမှတ်(၄)ရပ်ကွက်နေ စောအယ်တလယ်ဟဲ(၂၉)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဒိုက်ဦး မြို့နယ်၊ အောင်ချမ်းသာကျေးရွာနေသူများဖြစ်သည့် ဦးမြင့်စိုး(၅၉)နှစ်၊ ဦးဇော်မင်းခိုင်(၅၁)နှစ်၊ ရွှေကြို့ပင်ရပ်ကွက်နေသူများဖြစ်သည့် ဒေါ်ဇင်မာလွင်(၄၄)နှစ်နှင့် ဒေါ်ကြည်မြင့်(၇၂)နှစ်တို့ လိုက်ပါလာသော BGO-8/6P-XXXX SUZUKI CARRY PICKUP မော်တော်ယာဉ်သည် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ လူနာပို့ဆောင်ရန် ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ မော်တော်ယာဉ်ဆီကုန်သွားသဖြင့် မြေသားလမ်းပေါ်တွင် ရပ်တန့်ထားစဉ် လားရာတူနောက်မှ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ အောင်မင်း(၃၇)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တစ်ရပ်ကွက်တည်းနေ မြတ်မင်းပိုင်(၂၀)နှစ် လိုက်ပါလာသော MDY-20/7K-XXXX FUSO ခြောက်ဘီး မော်တော်ယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ ယာဉ်၏အနောက်ဝဲဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် စောအယ်တလယ်ဟဲပါ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် စောအယ်တလယ်ဟဲနှင့် အောင်မင်းတို့ နှစ်ဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး၊
အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။