Language: Myanmar English

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ သာယာအေးလမ်းရှိ ဈေးဆိုင် မီးလောင်မှု

      ၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက် နံနက် ၁၂ နာရီ ၅၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ သာယာအေးလမ်းရှိ ပိုင်ရှင် ဦးခွန်လှဖေ(ခ)ခွန်မောင်ထီး၏ ၂၂ x ၁၂ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် ဈေးဆိုင်၌ Phone Power Bank အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လွိုင်လင်ခရိုင်/မြို့နယ်မီးသတ် စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

    အဆိုပါဖြစ်စဉ်ကြောင့် ၂၂ x ၁၂ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် ဈေးဆိုင် တစ်ဆိုင်၊ ၁၈ x ၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ် နေအိမ် တစ်လုံးနှင့် ဆိုင်ကယ် သုံးစီး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးခွန်လှဖေ(ခ)ခွန်မောင်ထီး အား ပင်လုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။