Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
       ဖြစ်စဉ်မှာ ဇွန် ၂၂ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၉ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဆည်ရွာကျေးရွာနေ လင်းထက်သူရ(၂၃)နှစ် မောင်းနှင်သည့် MDY-6/9P-XXXX NISSAN SUNNY မော်တော်ယာဉ်သည် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လမ်းလယ်ကျွန်းရှိ တရားမဝင်လမ်းဖြတ်မှ လမ်းဖြတ်ကူးသည့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ညောင်ပင်သာကြီးကျေးရွာနေ ကျော်ဇင်ဦး(၁၆)နှစ် မောင်းနှင်ပြီး ဒေါ်ဝေဝေ(၃၅)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်ဝေဝေတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ကျော်ဇင်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် အမြန်လမ်းမကြီးပေါ် တက်ရောက်မောင်းနှင်ခွင့်မရှိသည့် ဆိုင်ကယ်အားမောင်းနှင်ပြီး တရားမဝင်လမ်းဖြတ်မှ လမ်းဖြတ်ကူးခဲ့သည့် ကျော်ဇင်ဦး အား ဘုရားတောင်အမြန် လမ်းမကြီးရဲစခန်း ယာဉ်(ပ)၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။