၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် ခရီးသည်အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ကျိုက်ထီးရိုးဘုရားသွား လမ်းဆုံမီးပွိုင့်အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ ကျိုက်ထိုဘက်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ တလိုင်းကုန်းကျေးရွာနေ ဝင်းမင်းလတ်(၄၀)နှစ် မောင်းနှင်လာသည့် YGN-12/8J-XXXX ခရီးသည်တင် မော်တော်ယာဉ်သည် ကျိုက်ထီးရိုးဘုရားသွား လမ်းဆုံမီးပွိုင့်အနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ လဲကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါခရီးသည် ၁၁ ဦးအနက် ဝါးခယ်မမြို့နယ်နေသူများဖြစ်ကြသည့် ဒေါ်တင်တင်ဦး(၆၂)နှစ်နှင့် ဒေါ်ဥမ္မာ(၃၆)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဝင်းမင်းလတ် အား ကျိုက်ထိုမြို့မရဲစခန်း ယာဉ်(ပ) ၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် ခရီးသည်အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။