Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၂၄ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ ကောင်းမြတ်ထွန်းငြိမ်း(၃၅)နှစ် မောင်းနှင်လာသော MDY-22/ 4N-XXXX Nissan အဖြူရောင်မော်တော်ယာဉ်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ပန်းခင်းမီးပွိုင့်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ ရထားသံလမ်းဂိတ်တံခါးအား တိုက်မိပြီး မီးနီစောင့်ဆိုင်းနေသော နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း(၃)ရပ်ကွက်နေ အောင်ပြည့်စုံလွင်ဦး(၃၂)နှစ် မောင်းနှင်လာသည့် YGN-33/9R-XXXX CHEVROLET MALIBU အဖြူရောင်မော်တော်ယာဉ်အား ထပ်မံဝင်ရောက်တိုက်မိတိမ်းမှောက်ခဲ့သဖြင့် ကောင်းမြတ်ထွန်းငြိမ်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ကောင်းမြတ်ထွန်းငြိမ်း အား ပတ္တာနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။