လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်စာ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ သီရိဟေမာရပ်ကွက်နေသူများဖြစ်သည့် ဝါးခယ်မမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးဖြစ်သူ ဦးဘိုဘိုဟန်(၄၈)နှစ်နှင့် မြို့နယ် ပါတီကော်မတီဝင်ဖြစ်သူ ဒေါ်လင်းလင်းထွေး(၅၀)နှစ်တို့ နှစ်ဦးထံသို့ ခြိမ်းခြောက်စာများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတို့အမည်တပ်ထားသည့် စာအိတ် နှစ်အိတ်အတွင်းမှ A4 စာရွက်ပေါ်တွင် ခြိမ်းခြောက်ရေးသားထားသော စာသားများပါရှိသည့် စာနှစ်စောင်အား တွေ့ရှိရသဖြင့် သိမ်းဆည်းရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် နှစ်ဦးထံသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။