Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၀/၄ နှင့် ၇၀/၅ ကြား၌ ယာဉ်တိုက်မှု 

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် နံနက် ၃ နာရီ ၅၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၀/၄ နှင့် ၇၀/၅ ကြား၌ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဌေးနိုင်ဦး မောင်းနှင်လာသော ယာဉ်အမှတ် YGN-3/7Q-XXXX YUTONG အမျိုးအစား “ရွှေလွန်းပျံ” ဝါ/စိမ်းရောင် EXPRESS မော်တော်ယာဉ်သည် စက်ချို့ယွင်းသဖြင့် အနှေးယာဉ်ကြောပေါ်တွင် ရပ်တန့်ပြုပြင်နေစဉ် လားရာတူနောက်မှ ယာဉ်မောင်း လပြည့်ဝန်း မောင်းနှင်သည့် ယာဉ်အမှတ် MDY-15/5K-XXXX SCANIA အမျိုးအစား “မန္တလာမင်း’’ အနီရောင် EXPRESS မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်း အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၁၈ မိနစ်တွင် ပြီးစီးခဲ့ပါသည်။ 
     အဆိုပါဖြစ်စဉ်ကြောင့် “မန္တလာမင်း” EXPRESS ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၂ ဦးအနက် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ “မန္တလာမင်း” EXPRESS မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်း တစ်ခုလုံး ပိန်ချိုင့်နှင့် “ရွှေလွန်းပျံ” EXPRESS မော်တောာ်ယာဉ်၏ ရေတိုင်ကီကွဲ၊ နောက်လေကာ မှန်ကွဲ၊ နောက်ဖင်ပိုင်း ပိန်ချိုင့်၊ နောက်ဝဲဘက်ဘော်ဒီ ပိန်ချိုင့်ခဲ့ကြောင်းနှင့် အမြန်လမ်းမကြီးပေါ်၌ ပေါ့ဆစွာရပ်တန့်ပြုပြင်သူ “ရွှေလွန်းပျံ” EXPRESS မော်တော်ယာဉ်၏ ယာဉ်မောင်း ဌေးနိုင်ဦးနှင့် ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ “မန္တလာမင်း” EXPRESS မော်တော်ယာဉ်၏ ယာဉ်မောင်း လပြည့်ဝန်း (တိမ်းရှောင်)တို့အား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၂၅၊ ရာဇာသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။