Language: Myanmar English

မန္တလေးအိုးဘိုထောင်၌ ပြစ်ဒဏ်ကျခံနေသည့် (မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း) အောင်ကျော်ဦး သေဆုံးသွားသည့် သတင်းအား သတင်းမီဒီယာများမှ မဟုတ်မမှန် ရေးသားထုတ်လွှင့်

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် မန္တလေးအိုးဘိုထောင်၌ ပြစ်ဒဏ်ကျခံနေသည့် (မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း) အောင်ကျော်ဦး သေဆုံးသွားသည့် သတင်းအား Khit Thit Media နှင့် သတင်းဌာနများ၌ ရုပ်အလောင်းအား မိသားစုထံသို့ ပြန်မပေးကြောင်း သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။ 
     မန္တလေးအိုးဘိုထောင်၌ နိုင်ငံရေးအကျဉ်းသား/သူဟူ၍ မရှိဘဲ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျုးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် ထောင်ဒဏ် ၆ နှစ် ၆ လ ကျခံလျက်ရှိသည့် အကျဉ်းသား အောင်ကျော်ဦး(ဘ)ဦးတင်မောင် (မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း)သည် ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် အသက်ရှူရသည်မှာ ပုံမှန်မဟုတ်ဘဲ မောလာကြောင်း သတင်းပို့သဖြင့် အကျဉ်းထောင်ဆေးရုံအုပ် ဒေါက်တာ မိုးဟိန်းမှ ကြည့်ရှုဆေးဝါးကုသပေးပြီး မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတင်ပို့ကုသရန် လိုအပ်ကြောင်း ဆေးမှတ်ချက်ပြုခဲ့သဖြင့် အကျဉ်းထောင်ဆရာဝန် ဒေါက်တာ သက်ထွန်းဦး လိုက်ပါလျက် အရေးပေါ်တင်ပို့၍ တာဝန်ကျဆရာဝန်များမှ ဆေးဝါးကုသပေးခဲ့သော်လည်း နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် သေဆုံးသွားခဲ့ပါသည်။
     အဆိုပါအကျဉ်းသားသည် နှလုံးခုန်မမှန်ခြင်းရောဂါ ခံစားနေရသဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသမားတော် ဒေါက်တာ မင်းခန့်ဆွေမှ အကျဉ်းထောင်သို့ လာရောက်ကြည့်ရှုကုသစဉ် လူနာ၏ နှလုံးရောဂါအခြေအနေအား စောင့်ကြည့်ရန် လိုအပ်သည်ဟု ဆေးမှတ်ချက်ပြုခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ မတ် ၂၆ ရက်တွင်လည်းကောင်း၊ ဇွန် ၄ ရက်တွင် လည်းကောင်း၊ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ နေ့ချင်းပြန် သွားရောက်ပြသခဲ့ရာ အထူးကုဆရာဝန် ဒေါက်တာ ဉာဏ်လင်းထက်မှ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး အကျဉ်းထောင်ဆေးရုံ၌သာ ဆေးဝါးကုသမှုများ ပြုလုပ်ပေးသွားရန် ဆေးမှတ်ချက်ပြုခဲ့ကြောင်း သိရှိရသည်။
     အကျဉ်းသား သေဆုံးသွားသဖြင့် ၎င်း၏မိသားစုဝင်များအား အကြောင်းကြားခြင်း၊ သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ခြင်း၊ ရုပ်အလောင်းအား နံနက် ၁၀ နာရီခန့်တွင် မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မှုခင်းဆရာဝန်ကြီး ဒေါက်တာ ဇင်မင်း ဦးဆောင်သည့်အဖွဲ့မှ ရင်ခွဲ စစ်ဆေးမှုများ ပြုလုပ်ရာ နှလုံးသွေးကြောပိတ်ရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ဆေးမှတ်ချက်ပြုခဲ့ပါသည်။ ရုပ်အလောင်းအား မိသားစုဝင်များ၏ ဆန္ဒနှင့်အညီ ဇွန် ၂၈ ရက်တွင် မန္တလေးမြို့၊ အေးရိပ်ငြိမ်သုသာန်တွင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီ မီးသင်္ဂြိုဟ်ပေးသွားမည်ဖြစ်ပါသည်။
     အကျဉ်းထောင်/စခန်းများတွင် ထိန်းသိမ်းထားသည့် အကျဉ်းသား/သူများအနက် ကျန်းမာရေး မကောင်းသူများကို အကျဉ်းထောင်ဆရာဝန်၊ ကျန်းမာရေးမှူးများဖြင့် ဆေးဝါးကုသပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများကိုလည်း ဝယ်ယူဖြည့်တင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိခြင်း၊ မိသားစုဝင်များမှ အကျဉ်းသားအတွက် လာရောက်ပေးအပ်သည့် ဆေးဝါးများကို အကျဉ်းထောင် ဆရာဝန်မှ စိစစ်လက်ခံ၍ ကြီးကြပ်မှုဖြင့် သောက်သုံးစေလျက်ရှိပါသည်။ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လစဉ်ကျန်းမာရေးစစ်ဆေးကုသပေးလျက်ရှိပြီး ပြင်ပပြည်သူ့ဆေးရုံကြီးများသို့ ပြသပေးခြင်းနှင့် ဆေးရုံတက်ရောက်ရန် လိုအပ်သူများကို အချိန်နှင့်တစ်ပြေးညီ တင်ပို့ကုသပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိပါသည်။
      Khit Thit Media နှင့် သတင်းဌာနများ၌ ဖော်ပြထားသည့် “ရုပ်အလောင်းအား အိမ်ပြန် သယ်ခွင့်ကို ထောင်ကမပေးဘူး” ဟု ပြောကြားခြင်းသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ကြောင်း၊ ရုပ်အလောင်းအား မိသားစုဝင်များ၏ ဆန္ဒနှင့် အညီ မီးသင်္ဂြိုဟ်ပေးသွားမည်ဖြစ်ပြီး အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ထင်ယောင်ထင်မှား ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် သတင်းတု၊ သတင်းမှားများဖြင့် လုပ်ကြံရေးသားကာ လှုံ့ဆော်ဝါဒဖြန့် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။