၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ မောင်အေး(ခ) ဦးဝင်း(၇၀)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွာရီရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေါင်းဥကျေးရွာလမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ချောင်းဆုံမြို့နယ်၊ ကမာမိုးကျေးရွာနေ ထိုက်ဇော်(၄၃)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
ထို့အတူ ည ၇ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်နေ ဇော်နိုင်လတ်(၅၄)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
ထို့အတူ မွန်းလွဲ ၃ နာရီတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်နေ သက်ပိုင်လင်း(၂၉)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း၊ ညနေ ၆ နာရီ ၅ မိနစ်တွင် မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ ကျော်မိုးခန့်(၂၅)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း အသီးသီးတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မောင်အေး(ခ)ဦးဝင်း၊ ထိုက်ဇော်၊ ဇော်နိုင်လတ်၊ သက်ပိုင်လင်းနှင့် ကျော်မိုးခန့်တို့ ငါးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ
ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။