Language: Myanmar English

ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ

       ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက်နှင့် ၂၆ ရက်က ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။ 
     ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် ည ၁၀ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်၊ ဒူကထောင် သံလမ်းကူးလမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဆင်ဆာ့ရ်ရပ်ကွက်နေ ပြည့်ဝ(၂၁)နှစ် မောင်းနှင်လာသည့် SHN/GG-XXXX AD VAN  မော်တော်ယာဉ်အားလည်းကောင်း။
      အလားတူ ဇွန် ၂၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ချောင်းတာစူးကျေးရွာ၊ ဘုတ်ပြင်း-ပြည်ကြီးမဏ္ဍိုင်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ တက္ကသိုလ်ရပ်ကွက်နေ သန့်ဇင်ဦး(၃၃)နှစ် မောင်းနှင်လာသည့် MDY-14/1Q-XXXX HONDA INSIGHT မော်တော်ယာဉ်နှင့် တစ်ရပ်ကွက်တည်း‌နေ ထွန်းထွန်းဦး(၄၆)နှစ် မောင်းနှင်လာသည့် YGN-7/2K-XXXX HONDA FIT မော်တော်ယာဉ်တို့အားလည်းကောင်း။ 
      ထို့အတူ ညနေ ၅ နာရီတွင် မွန်ပြည်နယ်၊ သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်နေ ကျော်ကိုကိုလွင် (ခ)တရုတ်ကြီး(၄၆)နှစ် မောင်းနှင်လာသည့် KYN/9K-XXXX HONDA FIT မော်တော်ယာဉ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြည့်ဝ၊ သန့်ဇင်ဦး၊ ထွန်းထွန်းဦးနှင့် ကျော်ကိုကိုလွင်(ခ)တရုတ်ကြီးတို့ လေးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။