Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ရွှေပြည်သာတံတားအဆင်း၌ မော်တော်ယာဉ်မှအရှိန် မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် သုံးဘီးဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ သုံးဘီးယာဉ် ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရရှိ

     ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားပေါ်၌ ဇွန် ၂၇ ရက်က မော်တော်ယာဉ်မှအရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် သုံးဘီးဆိုင်ကယ်အား ဝင်ရောက် တိုက်မိခဲ့သဖြင့် သုံးဘီးယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ည ၉ နာရီတွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအဆင်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ်၊ ငါးအောက်ချောင်ကျေးရွာနေ ဇော်မင်းထိုက် (၄၅)နှစ် မောင်းနှင် လာသည့် AYY-5 6A-XXXX HINO FD (၆) ဘီးကုန်တင်ယာဉ်သည် ရွှေပြည်သာဘက်မှ အင်းစိန်မြို့ ဘက်သို့ မောင်းနှင်လာစဉ် ရွှေပြည်သာတံတားအဆင်း တညင်းကုန်းဘူတာ ကားမှတ်တိုင်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လားရာတူ ၎င်း၏အရှေ့မှ ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာနေ ဦးနေလင်းအောင် (၄၃)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးသန်းလှိုင် (၄၀)နှစ်၊ ဒေါ်ဆွေဇင်စိုး (၃၆)နှစ်၊ မောင်အောင်ခန့်မင်း (၁၅)နှစ်နှင့် မောင်ညီမင်းခန့် (၁၁)နှစ်တို့ လိုက်ပါလာသည့် သုံးဘီး ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးသန်းလှိုင်မှာ အခင်းဖြစ်နေရာ၌ ဒဏ်ရာများရရှိသေဆုံးခဲ့ပြီး ဦးနေလင်းအောင်ပါ လေးဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဇော်မင်းထိုက်အား အင်းစိန်မြို့မရဲစခန်း ယာဉ် (ပ)၂၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က /၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ရွှေပြည်သာတံတားအဆင်း၌ မော်တော်ယာဉ်မှအရှိန် မထိန်းနိုင်ဘဲ သုံးဘီဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။