ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဇွန် ၂၈ ရက်က မော်တော်ယာဉ်မှအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် ည ၉ နာရီတွင် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉ မိုင်နှင့် ၂၉ မိုင် ၁ ဖာလုံအကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ခလောက်ကွန်ဒိုင်းရပ်ကွက်နေ ကျော်စွာ (၂၄)နှစ်မောင်းနှင်ပြီး သစ်ဆိမ့်ကုန်းရပ်ကွက်နေ ကိုဖြိုးသူရ (၂၃)နှစ်နှင့် ရေကြည်အိုင်ရပ်ကွက်နေ ဦးထွန်းထွန်း (၄၄)နှစ်တို့ လိုက်ပါလာသည့် BGO-22 6M/XXXX NISSAN CARAVAN မော်တော်ယာဉ်သည် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ မလေးရှားပိတောက်ပင်အား ဝင်ရောက် တိုက်မိရပ်တန့်သွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား သုံးဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ သောကြောင့် ကျော်စွာအား ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ) ၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။