Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ 

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက်နှင့် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် ည ၁၂ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အမှတ်(၁၉)ရပ်ကွက်၊ ကံ့ကော်(၇)လမ်းထောင့်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ ဖိုးသိန်း(၃၉)နှစ် မောင်းနှင်သည့် KYN-4/3L-XXXX HONDA CRV အဖြူရောင်မော်တော်ယာဉ် အားလည်းကောင်း။
     အလားတူ ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇင်းကျိုက်မြို့၊ ခလောက်အင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာနေ အောင်ကိုဦး(ခ)ကိုအောင်(၃၂)နှစ် မောင်းနှင်သည့် MDY-38/3P-XXXX HONDA FIT အနက်ရောင်မော်တော်ယာဉ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖိုးသိန်းနှင့် အောင်ကိုဦး(ခ)ကိုအောင်တို့ နှစ်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
 
 
    
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။