Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင် မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် နံနက် ၅ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀၇ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်နေ ဦးကျော်ကျော်ဦး(၄၅)နှစ် မောင်းနှင်ပြီး ခရီးသည် နှစ်ဦး လိုက်ပါလာသည့် MDY-15/ 6P-XXXX YUTONG “စိန်ရတနာ” ခရီးသည်တင်မော်တော်ယာဉ်သည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ လားရာတူ ၎င်း၏အရှေ့မှ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးနေ ကိုထက်အောင်လျှံ(၂၅)နှစ် မောင်းနှင်လာသည့် MDY-17/1D-XXXX TOYOTA CROWN မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ အနောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း မော်တော်ယာဉ် နှစ်စီး ပျက်စီးဆုံးရှုံးခဲ့သဖြင့် ဦးကျော်ကျော်ဦး အား ပလွေးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 
 
 
    
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။