Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားပြီး လူနေထိုင်ခြင်း မရှိသည့် အိမ်ရာများ၌ လျှပ်စစ်မီးကြိုးများ ခိုးယူသူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားပြီး လူနေထိုင်ခြင်းမရှိသည့် အိမ်ရာများ၌ လျှပ်စစ်မီးကြိုးများ ခိုးယူသူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် နံနက် ၄ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာ တိုက်အမှတ်(U10)အနီးအရောက်၌ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့၊ အမှတ်(၆)ရပ်ကွက်နေသူများဖြစ်ကြသည့် ဖုန်းမြတ်ကျော်(၂၄)နှစ်နှင့် ကောင်းသစ်စံ(ခ)အားထစ်(၂၃)နှစ်တို့ နှစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ မီးကြိုးဖြတ်ရာတွင် အသုံးပြုသည့် ကတ်တာ တစ်ခု၊ ပလာယာ တစ်ခု၊ ကျောက်လှည့် တစ်ချောင်းတို့အား တွေ့ရှိရပြီး စစ်ဆေးခဲ့ရာ ၎င်းတို့ နှစ်ဦးသည် ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးနေသည့် ဝန်ထမ်းတိုက်ခန်းများမှ လျှပ်စစ်ဝိုင်ယာကြိုး ၈ ပိဿာခန့်အား ဖြတ်တောက်ခိုးယူခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်နေ နန်းလင်းအောင်(၃၃)နှစ်ထံ သွားရောက်ရောင်းချခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်သိမ်းဆည်းခဲ့ရာ နန်းလင်းအောင်ထံမှ လျှပ်စစ်ဝိုင်ယာကြိုးအတွင်းမှ ကြေးနန်းကြိုး ၈ ပိဿာခန့်အား ပြန်လည်သိမ်းဆည်းရရှိခဲ့သဖြင့် ဖုန်းမြတ်ကျော်၊ ကောင်းသစ်စံ(ခ)အားထစ်နှင့် နန်းလင်းအောင်တို့ သုံးဦးအား အမှတ်(၉)နယ်မြေရဲစခန်း(ပ)၁၇/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့်လည်းကောင်း။ 
     အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ၊ တိုက်အမှတ်(၉၇)၊ အခန်း(၀၄)မှ အသံများကြားရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပန်းတင်ရွာနေ ပြည့်ဖြိုးအောင်(၂၉)နှစ်သည် အဆိုပါအခန်းအတွင်းမှ လျှပ်စစ်ဝိုင်ယာကြိုးများအား ဖြတ်တောက်ခိုးယူနေသည်ကို တွေ့ရှိရပြီး ၎င်းဖြတ်တောက်ခိုးယူထားသည့် လျှပ်စစ်ဝိုင်ယာကြိုး ၁၀ ပိဿာခန့်နှင့်အတူ တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သဖြင့် ပြည့်ဖြိုးအောင် အား အမှတ်(၅)နယ်မြေရဲစခန်း (ပ)၂၅/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
   
 
 
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားပြီး လူနေထိုင်ခြင်းမရှိသည့် အိမ်ရာများ၌ လျှပ်စစ်မီးကြိုးများ ခိုးယူသူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။