၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တို့၌ တရားမဝင် နှစ်လုံး/သုံးလုံးထီနှင့် ဘောလုံးလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဥသျှစ်ကုန်းကျေးရွာနှင့် သာဝတ္ထိကျေးရွာကြားအရောက်၌ ဥသျှစ်ကုန်းကျေးရွာဘက်မှ သာဝတ္ထိကျေးရွာဘက်သို့ လယ်ဝေးမြို့နယ်၊ သပြေကုန်းကျေးရွာနေ ဇော်မိုးခိုင်(၅၀)နှစ် မောင်းနှင်သည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ တရားမဝင် သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဇော်မိုးခိုင် အား သာဝတ္ထိနယ်မြေရဲစခန်း (ပ)၃၀/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့်လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၇)နေ သန့်ဇင်ဦး(၂၉)နှစ်၏နေအိမ်၌ တရားမဝင် နှစ်လုံးထီနှင့် ဘောလုံးလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ တရားမဝင် နှစ်လုံးထီနှင့် ဘောလုံးလောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သန့်ဇင်ဦး အား လားရှိုးမြို့မရဲစခန်း(ပ)၁၂၁/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တို့၌ တရားမဝင် နှစ်လုံး/သုံးလုံးထီနှင့် ဘောလုံးလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။