Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

       ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရေနံနှင့်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ စစ်ကိုင်းမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာနေ သန့်ဇင်ဦး(၄၈)နှစ် မောင်းနှင်လာသည့် MDY-14/2G-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်ပေါ်မှ ဒီဇယ်ဆီ ၄၀ ဂါလန်ခန့်အား အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် သန့်ဇင်ဦး အား အမရပူရမြို့မရဲစခန်း (ပ)၂၃၃/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။