Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ အမရပူရခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ ကမ်းနားလမ်းပေါ်၌ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လမ်းလျှောက် လာသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်နေ ဝေထွန်းနောင် (၂၈)နှစ်အား ရှာဖွေစစ်ဆေးခဲ့ရာ ၎င်း၏ခါးကြားမှ အရိုး/အသွား ၂၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဝေထွန်းနောင် အား အမရပူရမြို့မရဲစခန်း (ပ)၂၃၇/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။