၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ထော်လာဂျီယာဉ် အရှိန် မထိန်းနိုင်ဘဲ နေအိမ်ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ကျောက်နီတောရကျောင်းအဆင်းလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ညောင်ရွှေမြို့နယ်၊ ပုံ့မူကျေးရွာနေ အောင်နိုင်မိုး(၃၅)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဝင်းလှိုင်ဦး(၃၉)နှစ် လိုက်ပါလာသည့် ထော်လာဂျီယာဉ်သည် မိုင်းသောက်-မြောင်ကြီးကျေးရွာချင်းဆက် လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ဦးတင်ဝင်း၏ နေအိမ်ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် အောင်နိုင်မိုးမှာ အခင်း ဖြစ်စဉ်က ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် အောင်နိုင်မိုး အား ညောင်ရွှေမြို့မရဲစခန်း ယာဉ်(ပ)၁၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ထော်လာဂျီယာဉ် အရှိန်မထိန်းနိုင်ဘဲ နေအိမ်ခြံစည်းရိုး အုတ်တံတိုင်းအား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။