Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

     ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင် ၄ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၇ မိုင် ၁ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်နေ မျိုးမင်းဦး (၃၅)နှစ်မောင်းနှင်ပြီး ခရီးသည် လေးဦး လိုက်ပါလာသည့် YGN FF/XXXX TOYOTA FIELDER အမျိုးအစား အငှားမော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ဝဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်နှင့်ခရေပင်တို့အား ဝင်ရောက်တိုက်မိ၍ ခရီးသည် မိုးကုတ်မြို့၊ အောင်မြေ သုခရပ်ကွက်နေ သန်းဦး(၅၁)နှစ်တွင် ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မျိုးမင်းဦးပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများအား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး မျိုးမင်းဦးအား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ယာဉ်တိုက်မှု မှတ်တမ်းဓာတ်ပုံ။