၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ နွား ၂၇ ကောင်အား အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသော အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းကျေးရွာ၊ “ကေသီဦး” ဆီဆိုင်အနီး၌ ကျောက်ဆည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စောင့်ဆိုင်းနေစဉ် စဉ့်ကိုင်မြို့ဘက်မှ ကျောက်ဆည်မြို့ဘက်သို့ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာနေ ညီညီအောင်(ခ)ဟာရွန်(၄၃)နှစ် မောင်းနှင်ပြီး ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာနေ သိန်းမြင့်ဦး(ခ)အီဘရာဟင်(၄၃)နှစ်နှင့် တစ်ရွာတည်းနေ မင်းနိုင်(ခ)ဇိုဘိုက်(၃၇)နှစ်တို့ လိုက်ပါလာသည့် MDY-1/8I-XXXX NISSAN ၁၂ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ အထောက်အထားမဲ့ တရားမဝင် သယ်ဆောင်လာသည့် နွား ၂၇ ကောင်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ညီညီအောင်(ခ)ဟာရွန်ပါ သုံးဦးအား ကျောက်ဆည်မြို့မရဲစခန်း (ပ)၅၅၄/၂၀၂၅၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ နွား ၂၇ ကောင်အား အထောက်အထားမဲ့ တရားမဝင်သယ်ဆောင်မှုမှ မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။