Language: Myanmar English

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နေအိမ်အတွင်း ပစ္စည်းခိုးရန်ဝင်ရောက်ကာ မိသားစုဝင် သုံးဦးအား ဓားဖြင့် ထိုးခဲ့သဖြင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မှ တရားခံအား ဖော်ထုတ်ဖမ်းဆီး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နေအိမ်အတွင်း ပစ္စည်းခိုးရန် ဝင်ရောက်ကာ မိသားစုဝင် သုံးဦးအား ဓားဖြင့် ထိုးခဲ့သဖြင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မှ တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းနေ  ဒေါ်တင်ထွေး(၄၂)နှစ်(ဘ)ဦးဖာကီးသည် နေအိမ်၌ အိပ်ပျော်နေရာမှ နိုးလာစဉ် ၎င်း၏အိပ်ခန်းအတွင်း လူတစ်ဦး ရပ်နေသည်ကိုတွေ့ရှိရ၍ မေးမြန်းစဉ် ထိုသူမှ ဓားဖြင့် ထိုးသဖြင့် မီးဖွင့်ကြည့်ခဲ့ရာ ခြံချင်းကပ်နောက်ဖေးအိမ်နေ ညွန့်ဝင်း(၄၃)နှစ်(ဘ) ဦးကြည်လွင်ဖြစ်ကြောင်း သိရှိရပြီး အော်ဟစ်အကူအညီတောင်းစဉ် အိမ်ရှေ့ခန်း၌အိပ်နေသည့် ခင်ပွန်းဖြစ်သူ ဦးစောသိန်းမြင့်(၄၂)နှစ်(ဘ)ဦးစောအွာသိမ့်နှင့် တစ်ဝင်းတည်းနေ ခေါင်းရင်းအိမ်၌ အိပ်နေသည့် သမီးဖြစ်သူ မနန်းလင်းကြည်ကြည်မွန်း(၁၆)နှစ် (Grade-11 ကျောင်းသူ)တို့ ရောက်ရှိလာပြီး ဝိုင်းဝန်းဖမ်းဆီးစဉ် ညွန့်ဝင်းမှ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့အား ဓားဖြင့် ထပ်မံထိုးကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးစောသိန်းမြင့်တွင် လည်ပင်း၊ ရင်ဘတ်၊ ချိုင်းအောက်၊ နောက်ကျောတို့၌ ထိုးသွင်းဒဏ်ရာ လေးချက်၊ မနန်းလင်းကြည်ကြည်မွန်းတွင် ဝဲဘက်ရင်အုံအပေါ်၌ ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိကာ သေဆုံးခဲ့ပြီး ၎င်းတွင် လည်ပင်းဝဲဘက်၊ ယာနံဘေးတို့၌ ထိုးသွင်းဒဏ်ရာ နှစ်ချက် ရရှိခဲ့သဖြင့် ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရ သောကြောင့် ဘားအံမြို့မရဲစခန်း (ပ)၈၇/၂၀၂၅၊ အမှုကြီးအမှတ်စဉ် (၅/၂၀၂၅)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
     အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူတရားခံ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်မင်္ဂလာ လမ်းသွယ်(၃)လမ်းနေ ညွန့်ဝင်း(၄၃)နှစ်(ဘ)ဦးကြည်လွင်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ညွန့်ဝင်းအား ဒေါ်တင်ထွေး၏ နေအိမ်ဈေးဆိုင်ရှေ့ ခုံတန်းပေါ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ညွန့်ဝင်းမှာ ပြစ်မှုကျူးလွန်ခြင်းကို အစပိုင်း၌ ဝန်ခံခြင်းမရှိသော်လည်း ၎င်းအသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများအား ဒေါ်တင်ထွေး၏ ခြံအနီးမြေကွက်လပ်အတွင်းမှ သိမ်းဆည်းရမိသည့် အချိန်မှ ၎င်းပြစ်မှုကျူးလွန်ခြင်းကို ဝန်ခံထွက်ဆိုခဲ့ပါသည်။
     ဖမ်းဆီးရမိတရားခံ ညွန့်ဝင်း၏ ထွက်ဆိုချက်အရ ၎င်းမှာ ၂၀၁၅ ခုနှစ်မှစ၍ ဒေါ်တင်ထွေးတို့ မိသားစုနှင့် ခြံချင်းကပ်နေထိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နှစ်အစပိုင်းတွင် ဒေါ်တင်ထွေးထံမှ ငွေကျပ် သိန်း ၅၀ အား အတိုးဖြင့်ရယူကာ ဝက်မွေးမြူရေးလုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့လုပ်ကိုင်လျက်ရှိရာ ဒေါ်တင်ထွေးမှ ၎င်းချေးယူထားသည့် ငွေကျပ် သိန်း ၅၀ ကျပ်အား ဇူလိုင်လအကုန်တွင် ပြန်လည် ပေးဆပ်ရန် ပြောကြားခဲ့၍ ၎င်းတွင် ငွေကြေးအခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် ဒေါ်တင်ထွေး၏ နေအိမ်မှ ငွေကြေးများ ခိုးယူရန်ကြံစည်ခဲ့ပြီး ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီတွင် ဒေါ်တင်ထွေး၏ နေအိမ်အတွင်းသို့ အရိုး/အသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား ယူဆောင်ကာ တစ်ဦးတည်း ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်း၌ ငွေကြေးများ လိုက်လံရှာဖွေနေစဉ် ဒေါ်တင်ထွေးနိုးလာပြီး ၎င်းအားတွေ့ရှိသွား၍ ဓားဖြင့် နှစ်ချက်ထိုးခဲ့ကြောင်း၊ ဒေါ်တင်ထွေးမှ မီးဖွင့်၍ အော်ဟစ်အကူအညီတောင်းခံသဖြင့် ဒေါ်တင်ထွေး၏ခင်ပွန်းနှင့် သမီး ဖြစ်သူတို့ ရောက်ရှိလာကာ ဝိုင်းဝန်းဖမ်းဆီးသဖြင့် ၎င်းမှ ဓားဖြင့် ထိုးကာ ထွက်ပြေးခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် ဓားဦးချွန်နှင့် နက်ပြာရောင် မိုးကာအင်္ကျီတို့အား ဒေါ်တင်ထွေး၏ ခြံချင်းကပ်လျက် မြေကွက်လပ်အတွင်းသို့ စွန့်ပစ်ကာ ၎င်း၏နေအိမ်၌ ပြန်လည် နေထိုင်ခဲ့ကြောင်း၊ ခဏအကြာ ပတ်ဝန်းကျင်ရှိ လူများနှင့် ရောနှော၍ ဒေါ်တင်ထွေး၏ နေအိမ်အား သွားရောက်ကြည့်ရှုကာ ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
     ထိုသို့ နေအိမ်အတွင်း ပစ္စည်းခိုးယူရန် ဝင်ရောက်စဉ် အိမ်ရှင်နိုးလာသဖြင့် အိမ်ရှင်နှင့် မိသားစုဝင်များအား ဓားဖြင့်ထိုးကာ ပတ်ဝန်းကျင်လူများနှင့် ရောနှောကာ ဖုံးကွယ်နေထိုင်ခဲ့သူ ညွန့်ဝင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်း ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံ ညွန့်ဝင်း အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နေအိမ်အတွင်း ပစ္စည်းခိုးရန်ဝင်ရောက်ကာ မိသားစုဝင် သုံးဦးအား ဓားဖြင့် ထိုးခဲ့သဖြင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မှ တရားခံနှင့် သက်သေခံပစ္စည်းများ၏ မှတ်တမ်းဓာတ်ပုံ။