Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက် မွန်းလွဲ ၄ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ မရမ်းကျင်းကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမောင်မောင်ကြီး(၆၀)နှစ်သည် မရမ်းကျင်းကျေးရွာအနီး ဒေသအခေါ် ဘောမိချောင်းအရှေ့ဘက်ကမ်းရှိ သီဟိုဠ်ခြံသို့ သွားရောက်စဉ် ခြံအနီးအရောက် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။