PDF အမည်ခံ အကြမ်းဖက်သမားများသည် လက်နက်မဲ့ဌာနဆိုင်ရာရုံးများ၊ အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ ရပ်ကွက်/ကျေးရွာများအတွင်း ဝင်ရောက်ကာ လက်နက်အားကိုးဖြင့် ပစ်ခတ် ခြိမ်းခြောက်ခြင်း၊ ရုံးသုံးပစ္စည်းများနှင့် တန်ဖိုးရှိပစ္စည်းများအား လုယက်ယူဆောင်ခြင်းများ စသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မီးသတ်စခန်းသို့ PDF အမည်ခံ အကြမ်းဖက်သမား အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး မီးသတ်တပ်ဖွဲ့ဝင်များအား သေနတ်များဖြင့် ချိန်ရွယ်ခြိမ်းခြောက်ကာ မီးသတ်စခန်းအတွင်း ထားရှိသည့် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ CCTV ကင်မရာ သုံးလုံးတို့အား လုယက်ယူဆောင်ကာ စလင်းမြို့နယ်၊ သရက်ချဉ်ကျေးရွာဘက်သို့ စလင်း-ဆင်ဖြူကျွန်းသွားကားလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ PDF အမည်ခံ အကြမ်းဖက်သမားများ လုယက်ယူဆောင်သွားသည့် မီးသတ်ယာဉ်များအား ပြန်လည်သိမ်းဆည်းရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မီးသတ်စခန်းအတွင်း ဝင်ရောက်၍ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးနှင့် CCTV သုံးလုံးတို့အား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လုယက် ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။