အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Leo Kyaw (Kyaw Soe Moe)” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၁)ရပ်ကွက်နေ ကျော်စိုးမိုးအား မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ “Min Maung Maung” Telegram အကောင့်ပိုင်ရှင်ဖြစ်သူ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ မင်းမောင်၊ “Si Thu Aung” Facebook အကောင့်နှင့် “Si Thu Aung” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ စည်သူလှိုင်(ခ)ကိုလှိုင်တို့အား မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ “@zarchi20023” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆူးလေကုန်းရပ်ကွက်နေ ဇာခြည်နွယ်(ခ)နွယ်နွယ်အား ည ၇ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ “tintinwinnaing” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ စဉ့်ကူးမြို့နယ်၊ ဇီးကျွန်းကျေးရွာနေ တင်တင်မာအား ည ၈ နာရီခွဲတွင်လည်းကောင်း၊ “Myayadana Bo” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ အောင်မြေရပ်ကွက်နေ သီတာမိုး(ခ)ကူးကူးအား ည ၁၀ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ “Myo Ma Ma” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၃)ရပ်ကွက်နေ မျိုးမမ(ခ)ပေါက်ပေါက်အား ည ၁၀ နာရီ ၄၀ မိနစ်တွင်လည်း ကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။