Language: Myanmar English

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

     အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
     ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “minmyat 612” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မဟာအောင်မြေရပ်ကွက်နေ မင်းမြတ်စိုးအား မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ “Nay Win” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဘုရားကုန်းကျေးရွာနေ နေဝင်းလှိုင်(ခ)နေဝင်းအား ညနေ ၄ နာရီ ၃၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။