Language: Myanmar English

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ

    အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အ စည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
    ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Saw June Eh” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာမြို့၊ မြဝတီရပ်ကွက်နေ ဂျွန်မိုးသဲ(ခ)ဂျွန်ကြီးအား ည ၇ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ “Pan Ei” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ညောင်သာယာကျေးရွာနေ ပန်းအိခိုင်(ခ) ပန်းအိအား ညနေ ၆ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ “Eiphu Thein” Facebook အကောင့်ပိုင်ရှင် ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့နေ ဇာဇာဖြိုး(ခ)ဇာဇာအား ညနေ ၆ နာရီ ၃၀ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။