Language: Myanmar English

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

     အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
       ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “နန်းချယ်ရီ” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုလားချောင်းလေးကျေးရွာနေ အေးချို အား မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ မေ ၁၇ ရက်တွင် “KO CHAN” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်(၆)ရပ်ကွက်နေ အောင်ဆက်ပိုင်ဦး(ခ)ကိုချမ်း အား မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ “Min zaw” Telegram အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မမှိုအူချောင်းကျေးရွာနေ မြင့်နိုင် အား မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။