တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသူ လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၇ ရက် နံနက် ၇ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆားကုန်း(အရှေ့)ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက တန့်ဆည်မြို့နယ်၊ ပေချောင်ကျေးရွာဘက်မှနေ၍ Drone ယာဉ်ဖြင့် Drop Bomb များပစ်ချဖောက်ခွဲခဲ့သဖြင့် အဆိုပါကျေးရွာရှိ “အောင်သပြေ” လက်ဖက်ရည်ဆိုင်ရှေ့ လမ်းမပေါ်သို့ Drop Bomb နှစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးလမ်းမပေါ်၌ ဖြတ်သန်းသွားလာနေသော ဆားကုန်း(အရှေ့)ကျေးရွာနေသူများဖြစ်ကြသည့် ဦးတင်စိုး(၄၈)နှစ်၊ ကိုနေမင်းဦး(၂၃)နှစ်နှင့် မောင်ဇော်လင်းအောင်(၁၈)နှစ်တို့တွင် Drop Bomb ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့၍ ဆေးကုသနိုင်ရေး ကန့်ဘလူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ အများပြည်သူသွားလာလျက်ရှိသည့် လူစည်ကားရာနေရာများအား Drone ယာဉ်ဖြင့် Drop Bomb များအား ဆင်ခြင်တုံတရားမဲ့စွာ ပစ်ချဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured