တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း(အနောက်)ကျေးရွာသို့ အကြမ်းဖက်သမား (စိစစ်ဆဲ)က Drone ယာဉ်အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ဆောင်းပြောင်း(အနောက်)ကျေးရွာနေ ကိုခွန်ထွန်းနိုင်ဦး(၃၃)နှစ်၊ ဆောင်းပြောင်း(မြောက်)ကျေးရွာနေ ဦးကျော်လွန်း(၄၅)နှစ်နှင့် ဒေါ်ဗေဒါ(၄၁)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျေးရွာအတွင်းသို့ Drone ယာဉ်အသုံးပြု၍ Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured