လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များအား လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကသာ-မန္တလေးပြေးဆွဲသည့် “ငွေအိုးမန်း” ခရီးသည် တင်မော်တော်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်ထွက်ခွာလာစဉ် ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်အနီးသို့ Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများအနက် မအိန္ဒြာမိုး လေးနှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ခင်ဌေး(၅၇)နှစ်၊ ဒေါ်ငြိမ်းစံပယ်(၃၀)နှစ်၊ ဒေါ်ယဉ်ထွေး (၃၃)နှစ်၊ မောင်သီဟနိုင်(၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာ အတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များအား လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာ၌ ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။