Language: Myanmar English

လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအနီးသို့ Drone အသုံးပြု၍ Drop Bomb များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

    လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ နေအိမ် သုံးလုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ကွမ်းအုံကျေးရွာနေ အရပ်သားပြည်သူများဖြစ်ကြသည့် ဦးသောင်းမင်းစိုး(၄၂)နှစ်၊ ဦးအောင်ဝင်း(၅၃)နှစ်၊ ဦးသန်းဇော်ထွန်း(၄၁)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မေဝင်းမောင်(၃၉)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် နွားထိုးကြီးမြို့နယ်၊ လုံးတောကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးရောက်ရှိနေကြသည့် ဆရာတော် ဥူးအာဒိစ္စ(၄၇)နှစ်(၂၇)ဝါ၊ ရှင်ဝိမလ ရှစ်နှစ်၊ သမန်းတောကျေးရွာနေ ဦးကျော်သက်ဦး(၄၂)နှစ်၊ လေးရွာဆုံကျေးရွာနေ ဦးကံမြင့် (၄၀)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်လုံးခိုင်(၄၂)နှစ်၊ သမီးဖြစ်သူ မရွှေစင်ထွန်း သုံးနှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် နွားထိုးကြီးမြို့နယ်၊ ကန်နှောင်းကျေးရွာနှင့် သမန်းတော ကျေးရွာများသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကန်နှောင်းကျေးရွာထိပ်ရှိ ဇရပ်အနီးသို့ လက်နက်ကြီး ဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးရောက်ရှိနေသည့် ကန်နှောင်းကျေးရွာနေ ဦးဝင်းဦး(၅၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။