Language: Myanmar English

အကြမ်းဖက်သောင်းကျန်းသူများက ကျေးရွာအတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ

    အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၅ ရက် ညနေ ၄ နာရီခွဲတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာအနီးရှိ ရော်ဘာခြံအတွင်းသို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ရော်ဘာခြံအတွင်းရှိနေကြသည့် ဦးအောင်မြင့်(၅၀)နှစ်တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ဖြူဖြူဝင်း(၃၆)နှစ်၊ ကိုနိုင်လင်းဝေ (၃၂)နှစ်၊ မောင်ဝေယံရှိုင်း(၂)နှစ်၊ မဝတ်မှုန်ဇင် (၁၆)နှစ်နှင့် မမေမြတ်နိုး(၁၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။