Language: Myanmar English

အကြမ်းဖက်သောင်းကျန်းသူများက ရပ်ကွက်အတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

     အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၂ ရက် ညနေ ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပတ္တမြားရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ယာဉ် အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဩဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ကသာမြို့နယ်၊ ပတ္တမြားရပ်ကွက်အနီး အင်းတော်-ကသာကားလမ်းပေါ်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပစ်ချလိုက်သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေရာအနီး ဖြတ်သန်းသွားလာနေသည့် ကသာမြို့နယ်၊ ကျန်တောကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးဝီရိယ(၄၇)နှစ် (၂၇)ဝါ၊ ဥူးဝဏ္ဏ(၆၈)နှစ် (၈)ဝါ၊ ဥူးပညိန္ဒ (၃၆)နှစ် (၃)ဝါ၊ ပိန္နဲကုန်းရပ်ကွက်နေ ကိုမင်းငြိမ်းထူး(၂၂)နှစ်နှင့် ကိုမင်းဇင်ဇင်(၂၆)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ ကသာမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံ ရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။