Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုကျူးလွန်သူတရားခံအမျိုးသား လေးဦးအား သက်သေခံ ပစ္စည်းများ၊ အသုံးပြုခဲ့သည့်လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ    

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသား လေးဦး(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းများအား ကြမ်းပြင်၌ မှောက်ခိုင်းထားကာ ဆိုင်၏နောက်ခန်းအတွင်း ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်းဖြစ်သူ ကိုဟိန်းမြတ်သူ(၂၁)နှစ်အား သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀ လုံး၊ တန်ဖိုးငွေ ၁,၁၂၁ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း ကိုဟိန်းမြတ်သူတွင် ကျည်ထိမှန်ဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးသွားခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၆၈/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၃၀၂/၃၄ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
     ဖြစ်စဉ်မှ လုယက်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ်၊ ဖန်ပင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ ဦးဆမ်ကြွက်(စိစစ်ဆဲ)၏ အငှားနေအိမ်လိုင်းခန်းတွင် လုယက်မှုကျူးလွန်သူတရားခံများ ခိုအောင်းရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ ယင်းနေ့ ည ၁၂ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအငှားနေအိမ်လိုင်းခန်းသို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။
     ထိုသို့ဝင်ရောက်ရှာဖွေစဉ် အဆိုပါအငှားနေအိမ်လိုင်းခန်းရှိ အခန်းအမှတ်(၁၀)အတွင်းမှ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများမှ သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံများဖြစ်ကြသည့် လားရှိုးမြို့နယ်၊ နယ်မြေ(၁၉)၊ ရပ်ကွက်(၁၂)နေ ဖန်လီ(၃၄)နှစ် (ဘ)ဦးဖန်ကျင်းလျှမ်ပါ အမျိုးသား လေးဦးအား အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်နေရာအား အသေးစိတ်စစ်ဆေးရှာဖွေမှုများဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် BWHE 610 Glock အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် နှစ်တောင့်၊ ကျည်အိမ် နှစ်ခု၊ အမေရိကန်နိုင်ငံထုတ် ZEV အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် နှစ်တောင့်၊ ကျည်အိမ် တစ်ခု၊ အသံတိပ်ပြောင်း တစ်ခု၊ အမေရိကန်နိုင်ငံထုတ် SIGSAUER အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ဩစတြေးလျနိုင်ငံထုတ် TARAN TACTICAL INNOVATION (COMBAT MASTER) အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် သုံးတောင့်၊ ကျည်အိမ် တစ်ခု၊ အသံတိပ်ပြောင်း တစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခု၊ ယာဉ်မောင်းလိုင်စင်ကတ်ပြား တစ်ခု၊ SHN-12 1K-XXXX ယာဉ်နံပါတ်ပြား တပ်ဆင်ထားသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် အနက်ရောင်လက်ဆွဲအိတ်အတွင်း ထည့်ထားသော လုယက်မှုကျူးလွန်ရာမှရရှိသည့် လက်ကိုင်ဖုန်း ၁၂ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    ဖြစ်စဉ်တွင် First Rate Mobile ဖုန်းဆိုင်အတွင်း ဝင်ရောက်ကာ လူသေဆုံးစေသည်အထိ သေနတ်ဖြင့် ပစ်ခတ်၍ လုယက်မှုကျူးလွန်သူ တရားခံ လေးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုမှ ဖော်ထုတ်ဖမ်းဆီးရမိသည့်

သက်သေခံပစ္စည်းများနှင့် လက်နက်ခဲယမ်းများ။