နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့သို့ ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ ဆက်လက် ထွက်ခဲ့ရာ ဧပြီ ၂၄ ရက် ၂၀၅၅ နာရီတွင် ရောက်ရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Datong၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်တို့က ကြိုဆိုခဲ့ကြသည်။
အဆိုပါ အလုပ်သဘောခရီးစဉ်အတွင်း ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းရဲတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းဝေ့အန်းဟိုတယ် (Beijing Rui An Hotel) ၌ မြန်မာ-တရုတ်နှစ်နိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကာ နှစ်နိုင်ငံ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသနေ ပြည်သူများ ဘေးကင်းလုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အမြစ်ပြတ်ပပျောက်ရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန်ရပ်တည်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ယွမ် ၅ သန်း တန်ဖိုးရှိ အကူအညီပေးအပ်ရေးစာလွှာအား နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံရပ်ခြားမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်သော အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် Golden Great Wall Commemorative Medal ဆုတံဆိပ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiao Hong က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆုတံဆိပ်အား လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiao Hong ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiao Hong က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။