မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ တောင်ဂွကျေးရွာအနီး၌ ပြည့်ဖြိုးကျော်(ခ)မှုန်လေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး များဖြစ်သည့် ကက်တမင်း ၃၇ ကီလိုနှင့် Happy Water ၆ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သိန်းမင်းကျော်(ခ)ဖိုးထွေးနှင့် နိုင်ဝင်းထွန်းတို့ နှစ်ဦးအား ယင်းနေ့မွန်းလွဲ ၁ နာရီတွင် သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာအနီး၊ ပျော်ဘွယ်-တောင်ကြီးသွားကားလမ်းတွင် PAJERO မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ ဘိုဘိုဇော်၊ မဒိုင်နန်း(ခ) ရွှေစင်နှင့် ဝင်းကိုကိုတို့ သုံးဦးအား ည ၁၁ နာရီခွဲတွင် မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ၅၉ x ၆၀ လမ်း ကြားရှိ ဟိုတယ်၌ LANDCRUISER မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှုများကို ထိရောက်စွာတားဆီးနိုင်ရေးအတွက် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။