Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ ငွေကျပ် ၃,၀၃၉ ဒသမ ၆ သိန်းတန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၄ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်တွင် ဆန်းဝင်းနိုင် မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၀ ဒသမ ၀၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ ဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၆၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင်  ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ သက်မင်းဆွေ(ခ)ကျန်ကျောင်း၏ နေအိမ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၉၇၉ ဒသမ ၆ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ဆန်းဝင်းနိုင်(၄၂)နှစ်နှင့် သက်မင်းဆွေ(ခ)ကျန်ကျောင်း(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် Happy Water များနှင့်အတူ တွေ့ရစဉ်။