တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၂၉ ရက် နံနက် ၆ နာရီခွဲတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်းသို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မင်းကျောင်းရပ်ကွက်နေ ဦးတင်ထွန်း(၅၅)နှစ်နှင့် ဒေါ်အုန်းရီ(၄၈)နှစ်တို့၏ နေအိမ်များပေါ်သို့ ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများ၏ နေအိမ်များအား ထိမှန်ပျက်စီးအောင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured