တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၁၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဟန်းတဲရပ်ကွက်နေ ဦးရှောင်ထွယ်(၅၃)နှစ်သည် “စေတနာမိုး” လူမှုကူညီရေး အသင်းမှ 7I/XXXX ALPHARD အဖြူရောင်ယာဉ်ဖြင့် ဗန်းမော်မြို့မှ မိုးမောက်မြို့သို့ ထွက်ခွာလာစဉ် စီအင်ကျေးရွာအနီးအရောက် KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ) က သေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးရှောင်ထွယ်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့၍ ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured